ဓမ္မစက် အစ ဝါဆိုလ (သံဃာ အစ ဝါဆိုလ)
(သန္ဓေ တောထွက်၊ ဓမ္မစက် မိန့်မြွက် လဝါဆို) ဆိုတာ သူတော်ကောင်းတို့ မှတ်သားပြီးသားဖြစ်မှာပါ။
(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
ထို့အပြင် လယ်တီဆရာတော် ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုးမှာလည်း အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖဝါး ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာကို ဝါဆိုလပြည့် စနေ့နေဝယ် ကြွေကြွေလျမ်း တက် ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြား သည် တရားနတ်စည် ရွမ်းတယ်ကိုး။ (လယ်တီ ဆရာတော်)
ထို့ကြောင့် မကြာမှီ ရောက်ရှိလာတော့မည် ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါး၊ အမှန်တရား ကို ဟောပြခဲ့တဲ့ သစ္စာ အလင်းရောင် ဆောင်ယူပြသခဲ့တဲ့ နေ့ထူးနေ့မြတ် အခါ သမယ ဖြစ်ပါတယ်။ ဓမ္မစင်္ကြာ-တရားဦး ဟောကြားတော်မူခဲ့တဲ့ နေရာလေးကလည်း ရိုးရိုး ရှင်းရှင်းလေးဖြစ်တယ်ဆိုတာ မှန်းဆ ကြည်ညိုလို့ရ ပါတယ်။
ပြီးတော့ မြတ်ဗုဒ္ဓလောင်းလျာဟာ တောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ (ကပိလဝတ်ပြည်နှင့် ကောလိယပြည် အကြား လုဗ္ဗိနီအင်ကြင်းတော)
မြတ်ဗုဒ္ဓလောင်းလျာသည် တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။ ထို့အပြင်ဘုရားဖြစ်ပြန်တော့လည်း နေရဉ္ဖရာ ကမ်းခြေနှင့် လူသူမနီးတဲ့ ဗောဓိညောင် ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။ (သူတော်ကောင်းတို့ ပျော်မွေ့ရာဖြစ်တဲ့ ဥရုဝေဠတော)။
မြတ်ဗုဒ္ဓ တရားဦး ဟောကြားတော်မူခဲ့တာလည်း ဣတိပတနခေါ်ဆိုတဲ့ သားပေါင်းစုံသော တောထဲမှာပင်ဖြစ်သည်။ (မိဂဒါဝုန်တော)
လူသုံးပါးတို့၏ ဦးခိုက်ရာဖြစ်သော မြတ်ဗုဒ္ဓရှင်တော်သည် ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာပင်ဖြစ်လေသည်။ (မလ္လာမင်းတို့ စိုက်ပျိုးထားသော ရဂုံသာမော အင်ကြင်းတော)
ဘုရားအစရှိသော ရှေးသူတော်ကောင်းတွေဟာ အရိပ်စုံလှ သာယာလှတဲ့ သစ်ပင်တောတောင်တွေမှာ မွေ့လျော်ကြ တာ သူတော်ကောင်း တို့ အနေနဲ့ လွန်စွာ မှတ်သားစရာ ကောင်းပါတယ်။
ထို့အပြင် ဆရာကြီး မင်းသုဝဏ်ကလည်း မျိုးချစ်စိတ်ဓာတ်အတွက် အောက်ပါ ကဗျာလေးကို ရေးသားသွားသည်ကိုလည်း တွေ့ရပြန်တယ်။
“ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။” (ဆရာကြီး မင်းသုဝဏ်)